ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် သိဖို့လိုအပ်တဲ့စကားတစ်ချို့

Submitted by lwinmaungmaung on
ကိုယ်ပိုင်လုပ်ငန်း

ဒါစာပိုဒ်ဟာ နည်းပညာပိုင်းနဲ့ သိပ်သက်ဆိုင်ချင်မှဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းလုပ်ငန်းတစ်ခုကို လုပ်ကိုင်တဲ့အခါကျရင် ကိုယ်ပိုင်အလုပ်ကို ဘယ်လိုများလုပ်ကြရပါမလဲဆိုတာကို လေ့လာနိုင်ပါလိမ့်မယ်။

 

ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်တဲ့အချိန်တုန်းက မြန်မာနိုင်ငံမှာ အင်တာနက် အီးမေးလ်တွေလဲ မထွန်းကားသေးပါဘူး။ အဲဒီလိုပဲ ကျွန်တော်တို့တုန်းက သင်ကြားပြသပေးမယ့်သူဆိုတာ အတော့်ကို ရှားပါတယ်။ ကိုယ်တိုင်ကလည်း ပွဲတွေဘာတွေ သိပ်မသွားတတ်။ သွားတော့လည်း သိပ်ရင်ခုန်ရမယ့်အရာမျိုးတွေကို မတွေ့ဖြစ်တော့ နောက်ပိုင်းကျ အသွားကျဲလာပါတယ်။ ဒါပေမယ့် ၂၀၁၂ နောက်ပိုင်းမှာ အင်တာနက် တိုးတက်လာတာနဲ့အမျှ လူတိုင်းဟာ အင်တာနက်ပေါ်မှာ ပေါ်ထွက်လာနိုင်တဲ့စွမ်းအားရှိလာပါတယ်။

လုပ်ငန်းကို အချိန်တစ်ခုပေးလုပ်ပါ

မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင်ထဲက တစ်ဦးပြောတဲ့စကားပါ။ လုပ်ငန်းလုပ်မယ်ဆိုတစ်နေ့ကို အချိန်ဘယ်လောက်ပေးနိုင်မယ်ဆိုတာကို သေချာအောင်လုပ်စေချင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုတာအချိန်တစ်ခုပေးနိုင်အောင်စီစဥ်မှသာအောင်မြင်မှုဆိုတာကို အချိန်အနည်းငယ်အတွင်းရောက်နိုင်မှာပါ။ မဟုတ်ရင်တော့ ဆောရီးပါပဲ။ မရောက်နိုင်ပါဘူး။ မယောင်ရာဆီလူးလုပ်ခဲ့တဲ့အတွက် ကျွန်တော် ၂ နှစ်လောက်ဒေါင်ချာဆိုင်းသွားခဲ့ဘူးပါတယ်။

အဆက်မပြတ်လေ့လာသင်ယူပါ

အထူးသဖြင့် နည်းပညာနယ်ပယ်မှာ လိုအပ်ပါတယ်။ စာပြတ်သွားတာနဲ့ ကျွန်တော်တို့ဘဝတွေဟာ ငုတ်တုတ်မေ့သွားတာပါပဲ။ လူတိုင်းဟာအပြောင်းအလဲကို ကြောက်တတ်ပါတယ်။ ကျွန်တော်လည်းထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် တရုတ်စကားပုံတစ်ခုရှိတယ်မဟုတ်လား။ အပြောင်းအလဲရဲ့လေညှင်းတိုက်ခတ်ချိန်မှာတစ်ချို့က တံတိုင်းကာတယ်၊ တချို့က လေရဟတ်ဆောက်တယ်တဲ့။ ကျွန်တော်တို့ ဘာရွေးမလဲ။

ကိုယ့်အလုပ်ကို ချစ်ပါ။

ကျွန်တော်ဟာ ဆရာကြီးတစ်ဦးပြောတဲ့စကားကိုသိပ်ကြိုက်ပါတယ်။ Do the job you love, love the job you do. မနက်ဖြန်သေသွားမယ်ဆိုရင်တောင် ဒါပဲဆက်လုပ်မယ့်စိတ်ဟာ ကိုယ့်အလုပ်ကို ကိုယ်ချစ်တာပါပဲ။

ကိုယ့်အိမ်စာကိုယ်လုပ်ပါ

ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေနဲ့ တခြားသူတွေနဲ့ကွာဟချက်ကြီးတစ်ခုက ကိုယ့်အိမ်စာ ကိုယ်လုပ်တာပါပဲ။ ကျွန်တော်တို့အိမ်စာကို ကျွန်တော်တို့မလုပ်ရင် တခြားသူတွေက လာလုပ်ပေးမှာမဟုတ်ပါဘူး။ အဲဒီအတွက် ကိုယ့်အလုပ်ကိုကိုယ်လုပ်တဲ့အပြင် နောက်နေ့အတွက် အိမ်စာကိုလုပ်သင့်ပါတယ်။ ကျွန်တော်တို့ အိမ်စာမလုပ်ရင် ကျရှုံးမှာပဲ။ ဒါကို ပြည်တွင်းက ဆရာကြီးတစ်ဦးက talk တစ်ခုမှာသင်ပေးခဲ့တာပါ။

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပါ။ ပြီးရင် ‘ဇ’ရှိပါ။

ကျွန်တော့်ဘဝမှာ တွန်းလှန်ခဲ့ရတာတွေဟာ ကျန်တဲ့သူတွေလောက်မများပေမယ့် အလွန်ပင်ပန်းခဲ့တာတွေရှိပါတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပြင် နည်းပညာရပ်ဝန်းကို ထိတွေ့ဖိုခက်တဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတာမျိုးပေါ့။ ဆုံးဖြတ်ချက်ချမယ်ဆိုရင် သူများကို မမေးပါနဲ့။ ကိုယ်လုပ်ချင်တာကိုလုပ်ပါ။ သူများတွေကုိ ထင်မြင်ချက်မေးတာက ကိုယ့်ကို ယောင်ဝါးဝါးဖြစ်စေတတ်ပါတယ်။

Category